ရွှေသောင်ယံ နိုဝင်ဘာ ၄
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စုနှင့် ဘောမိကျေးရွာအုပ်စုရှိ မဲရုံများတွင် တာဝန်ထမ်း ဆောင်ကြမည့်မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် သင်တန်းပို့ချပေးခြင်းအစီအစဉ်ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.ထ.က မကျီးဇင်ရှိ မဉ္ဇူခန်းမဆောင်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မဲရုံမှူး၊ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နိုဝင်ဘာလ (၈) ရက်နေ့၌မဲရုံများတွင် ပြည်သူများ မဲလာပေးသည့်အခါ လွတ်လပ်ပြီး တရားမျှတစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန်နှင့် မဲရုံးမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သိထားသင့်သည့်ဥပဒေ၊ နည်းဥပဒေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များစသည်ဖြင့် ပို့ချပေးရာ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဥပဒေအရာရှိများ၊ မကျီးဇင်ကျေးလက် ကျန်းမာရေးဌာနမှတာဝန်ရှိသူများမှ လာရောက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မကျီးဇင်ကျေးရွာအုပ်စု၌ မဲရုံ(၆)ရုံ၊ ဘောမိကျေးရွာအုပ်စု၌မဲရုံ(၆)ရုံစီရှိပြီး သင်တန်းတွင် ၎င်းမဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့်မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် (၄၂)ဦး တက်ရောက်ကြကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)