နတ်မောက် မတ် ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေန်နှင့် လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)က ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် အနာဂတ်မျိုးဆက်သစ်များအနေဖြင့် အသိဉာဏ်ပညာကိုဖြစ်စေမည့် စာအုပ်စာပေ၊ လောကဗဟုသုတများကို လေ့လာသင်ယူကြစေလိုကြောင်း၊ လူငယ်များအတွက် ပညာရေးသည် အဓိကရည်းမှန်းချက်ဖြစ်ပါကြောင်း၊ လောကနီတိမှာ လူတစ်ယောက်၏ ဘဝကို (၃)ပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားဘာဝနာရှာဆိုပြီး ညွန်းထားတာကြောင့် ပထမအရွယ်ဖြစ်သည့် သားတို့သမီးတို့အနေဖြင့် ပညာကို ကြိုးစားသင်ယူစေချင်ပါကြောင်းနှင့် မိမိရည်မှန်းထားသော ဘဝများ ပိုင်ဆိုင်ရန်အတွက် ကျောင်းစာကို သင်ယူနေကြပြီး ပြင်ပဗဟုသုတများကို လေ့လာစေချင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း