မြောင်းမြမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်ကတ်များ ထုတ်ပေးလျှက်ရှိ

မြောင်းမြ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) တွင် ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် ဝင်ခွင့်ကတ်များအား ယနေ့နံနက် (၉) နာရီ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဝင်ခွင့် ကတ်များထုတ်ယူရာတွင် လိုင်စင်ဓာတ်ပုံ (၁) ပုံနှင့်အတူ နိုင်ငံသားကတ်များပါယူဆောင်လာရမည်ဖြစ်ပြီး မိမိကိုယ်တိုင်လာရောက်ထုတ်ယူ ရမည်ဖြစ်သည်။ အဆိုပါ ဝင်ခွင့်ကတ်များကို မြောင်းမြမြို့နယ်တွင် ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် စာစစ်ဌာန (၉) ဌာန ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အတွင်းဖြေကျောင်းသား၊ ကျောင်းသူများမှာ ကျား (၄၁၈) ဦး၊ မ (၅၆၇) ဦးရှိပြီး၊ ပြင်ပဖြေကျောင်းသား၊ ကျောင်းသူများမှာ ကျား (၂၁) ဦး၊ မ (၂၉) ဦးရှိပြီး ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၃၅) ဦးရှိကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)