နတ်တလင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

နတ်တလင်း မတ် ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် ဗီယမ်နမ်စပါးမျိုး နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို မတ် ၅ ရက် နံနက် (၈) နာရီ အချိန်က သက်ငယ်​ပြင်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၆၁) တောင်သူ ဦးဝင်းမင်းစိုး၏ လယ်မြေ (၂)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦး​ကျော်ဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ တောင်သူများ စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းမှ လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကာ လက်တွေ့ကွင်း သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး နတ်တလင်းမြို့နယ်အနေဖြင့် နွေစပါးလျာထား (၁၇၂၃၃) ဧကရှိကြောင်းနှင့် (၃၃၄၆)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)