ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဖူလုံစေရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက သုံးသောင်းကျော် စိုက်ပျိုးဆောင်ရွက်သွားမည်

ပွင့်ဖြူ မတ် ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်းဧက သုံးသောင်းကျော် စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံနှင့် ပန်းနှမ်းတို့ကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။

"ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေဖို့နဲ့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် ဆီထွက်သီးနှံဖြစ်တဲ့ နွေနှမ်းစိုက်ပျိုးခြင်းကို  မဲဇလီရေလွှဲဆည်ရေဖြင့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တစ်မြို့နယ်လုံး နွေနှမ်းစိုက်ဧက လျာထားမှုအနေနဲ့ဆိုရင် ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီဒေသက နွေနှမ်းစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုလဲရှိပါတယ်။ ဒေသခံတောင်သူတွေကိုလည်း နွေနှမ်းစိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် နယ်မြေအလိုက် ကွင်းဝန်ထမ်းများက တောင်သူတွေကို နွေနှမ်းစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်။ ဒေသခံတောင်သူတွေ အဓိကစိုက်ပျိုးတဲ့ နှမ်းမျိုးတွေက ဈေးကွက်ရှိတဲ့ နှမ်းဖြူ၊ စမုံနက်၊ သိပ္ပံနှမ်းနက်၊ ဆင်းရတနာ - ၄ စတဲ့ နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။  

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်‌နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသတွင်းရှိ တောင်သူများ နွေစပါး၊  နွေနှမ်းနှင့် အခြားနွေသီးနှံ လျာထားချက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် နွေစပါးစိုက်ပျိုးမည့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ လယ်မြေများအတွက် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို စတင်ဖြန့်ဝေပေးထားကြောင်း၊ ယခုနွေနှမ်းစိုက်ပျိုးမည့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ လယ်ယာမြေများအတွက် ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးထားပြီဖြစ်ရာ ဒေသခံတောင်သူများက နွေသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် နွေစပါး၊ နွေနှမ်းနှင့် အခြားနွေသီးနှံများကို ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)