လပွတ္တာမြို့တွင်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်အ.ထ.က ကျောင်းစာစစ်ဌာနများ၌ မီးဘေးလုံခြုံစေရန်အတွက် တာဝန်ရှိသူများမှကြည့်ရှုစစ်ဆေး

လပွတ္တာ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စီစဉ်ထားရှိသော အ.ထ.က ကျောင်းစာစစ်ဌာနများ၌ မီးဘေးလုံခြုံစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်ထူး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိမ်းကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က ကျောင်းစာစစ်ဌာနများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးချိပ်၊ မီးကတ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ရေရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအားခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် မီးပြတ်သွားပါကမီးပြန်လည်ရရှိရေးအတွက် အရေးပေါ် မီးစက်ကြိုတင်ပြင်ဆင်ထားရှိမှုများအား စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများထံမှာကြားခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်းမတ် ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်းသိရကာ လပွတ္တာမြို့နယ်တွင်ဖြေဆိုရန် လျှောက်ထားသည့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၄၉) ဦးရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မူမူ