ပန်းတောင်း မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သော အဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား မတ်လ (၅) ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ပန်းတောင်းမြို့နယ် သရက်လိန်ကျေးရွာအုပ်စု၊ စမ်းပေါက်ချောင်းကျေးရွာရှိ စမ်းပေါက်ချောင်း မြစ်ရေတင်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ အရင်းမပျောက် မတည်ငွေများအား (MSMEs) လုပ်ငန်းရှင်များနှင့် နွေစပါးစီမံကိန်း ဆောင်ရွက်မည့် သွင်းအားစု/ဝယ်ယူကြိတ်ခွဲရေး လုပ်ငန်းရှင်များသို့ ချေးငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒေါင်းမြတ်နားအုပ်စု၊ ဒေါင်းမြတ်နားကျေးရွာတွင် နွေစပါးစိုက်ပျိုး ထားရှိမှုများအားလည်းကောင်း၊ ကြို့ကုန်းကျေးရွာတွင် တတိယသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် လက်နှိပ်တုံကင်တွင်းများ တူးဖော်ရန် လျာထားသည့် နေရာများအားလည်းကောင်း၊ ငါးဆယ်ပေးကျေးရွာအုပ်စု၊ ငါးဆယ်ပေးကျေးရွာတွင် နွေစပါးစိုက်ပျိုးထားရှိမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)