ကန်ကြီးထောင့်မြို့နယ်အတွင်း မဲရုံများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့်   နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် မဲရုံများနှင့် မဲရုံဝန်းကျင် မီးဘေးလုံခြုံရေးများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။                                                                                      

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒါးကနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ဒါးကတိုက်နယ် အတွင်းရှိ မဲရုံများတွင် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းကုန်ဆုံးမှုရှိ/မရှိနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးပြီး မီးသတ်ဆေးဘူး အသုံးပြုပုံများကို ရှင်းလင်းပြောကြားခဲ့သည်။       

ဆက်လက်၍လည်း မဲရုံဝန်းကျင် မီးဘေးလုံခြုံရေးအတွက် မဲရုံအနီးဝန်းကျင်ရှိနေအိမ်များ၏ မီးဘေးလုံခြုံရေးများကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။                                                     

ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၈၀ တွင် မဲရုံပေါင်း ၁၃၉ ရုံရှိပြီး မဲရုံ မီးဘေးလုံခြုံရေး များအတွက် အဖွဲ့များခွဲ၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိ‌ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)