ဝေါမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၉၁)ဦးဝင်ရောက်ဖြေဆိုမည်

ဝေါ    မတ်       ၆

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ဝေါ)စာစစ်ဌာနတွင် ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၉၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာစစ်ဌာနတွင် အတွင်းဖြေ(၃၈၆)ဦး၊ အပြင်ဖြေ(၅)ဦး၊ စုစုပေါင်း(၃၉၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများကို စာစစ်ဌာနကျောင်းများ၌ နေ့စဉ်(၉)နာရီမှ ညနေ(၄)နာရီခွဲအထိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်များကို ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာမေးပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သောစာစစ်ဌာန လုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အခြားလုံခြုံရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက  ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)