ကန်ကြီးထောင့် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို နိုဝင်ဘာ ၂ ရက်၊ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဒါးကတိုက်နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ အဆင် ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲရုံ လုံခြုံရေးဆိုင်ရာ များ ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံ ကြည့်ရှု စစ်ဆေးပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကိုအကြံပြု ဖြည့်စွက်ပြော ကြားခဲ့ကြောင်း သိရသည်။အလားတူ မြို့နယ်ဌာနဆိုင်ရာများပါဝင်သည့် မဲရုံကြီးကြပ်ရေးအဖွဲ့များမှလည်း မိမိတာဝန်ကျရာ တိုက်နယ်များအလိုက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၈၀ တွင် မဲရုံပေါင်း ၁၃၉ ရုံရှိပြီး မဲဆန္ဒရှင်ပြည်သူ ၁၃၅၅၅၇ ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။
နန်းထိုက် (ပြန်/ဆက်)