ပြည် မတ် ၆
ပြည်တက္ကသိုလ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ၏ အခြေခံဂျူဒိုနှင့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း စွမ်းရည်ပြပွဲနှင့် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ယင်းတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်အားကစားမှူး၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ အားကစားမောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ အခြေခံဂျူဒိုသင်တန်းသား၊ သင်တန်းသူ အားကစားမောင်မယ်များက အဖွဲ့အလိုက် ဂျူဒိုအားကစားနည်း ကျနည်း (၇) မျိုးသရုပ်ပြခြင်းနှင့် နှစ်ဦးချင်းအပြိုင် ဂျူဒိုစွမ်းရည်များပြသကြပြီး မြန်မာ့ရိုးရာခြင်းလုံးသင်တန်းသား ၆ ဦးက ရိုးရာခြင်းအလှခတ်ဖြင့် သရုပ်ပြခဲ့သည်။
ထို့နောက် အဆိုပါသင်တန်းနှစ်ခုမှ သင်တန်းသား၊ သင်တန်းသူများအား ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်သည်။
ထို့အပြင် အဆိုပါအခမ်းအနား၌ ပြည်တက္ကသိုလ်တွင် ကျင်းပခဲ့သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲ၊ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဆုရရှိသူများနှင့် အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ပေါင်းစုံ (အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသူတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)