ငါးသိုင်းချောင်း နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ အောင်ဆန်းရပ်ကွက်ဈေးနှင့် မြို့တွင်းရှိဈေးဆိုင်ခန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသည့် ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဈေးရောင်းချရေးကို မြို့စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန ၊ မြို့ကြက်ခြေနီအသင်းခွဲငယ်နှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ မြို့မဈေးနှင့် အောင်ဆန်းရပ်ကွက်ဈေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဈေးရောင်းချရေး၊ ဈေးရောင်းချနေသည့် ဈေးသည်များ (mask)နှာခေါင်းစည်းနှင့် မျက်နှာကာ (face shield)များ စနစ်တကျတပ်ဆင်ရောင်းချရေး ၊ ဈေးရောင်း ဈေးဝယ်ပြည်သူများအား ဈေးအတွင်း တပ်ဆင်ထားသည့် လက်ဆေးဘေဇင်များ၌ စနစ်တကျ လက်ဆေးရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်း ၊(mask) နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်၍ ရောင်းဝယ်ရေးတို့အတွက် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းရှိဈေးဆိုင်များနှင့် အများပြည်သူ ဆက်သွယ်သွားလာလျက်ရှိသည့်လမ်းဆုံနေရာများ၌ အလားတူစစ်ဆေးခြင်းလုပ်ငန်းများ အပြင်နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း (mask)နှာခေါင်းစည်းတပ်ဆင်ဆက်သွယ်သွားလာရေးအတွက် စစ်ဆေး ဆောင်ရွက်အသိပညာ ပေးခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကွင်းဆင်းစစ်ဆေးသည့် လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိဌာနနှင့် အဖွဲ့အစည်းများက နေ့စဉ်အဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာကထုတ်ပြန်ထားရှိပြီးဖြစ်သည့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့်ကြိုတင် ကာကွယ်ရေး အမိန့်နှင့် ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များကို နိုဝင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့် ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ညွန့်က ပြောကြား ထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)