ဒေးဒရဲ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အသိပညာ တိုးပွားစေရေး အသိပညာပေး ဟောပြောပွဲနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဒါနများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ကုန်းတန်းကလေးကျေးရွာ၊ မဟာဗောဓိကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ကျေးရွာအတွင်းရှိ အမျိုးသမီးများ၊ လူငယ်များ၊ ကလေးများ လူကုန်ကူးမှုအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသုံးရေးနှင့် ကျေးရွာလမ်းများ၊ နေအိမ်ခြံဝန်းများ သန့်ရှင်းသာယာရေးလုပ်ငန်းများ အပတ်စဥ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာ ကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူကုန် ကူးမှုဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြို့နယ်အတွင်း သက်ဆိုင်ရာဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ မြို့နယ်အမျိုးသီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း