မအူပင် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ (၁၁)ရက်နေ့မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးအတွက် ယနေ့ နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း စာစစ်ဌာနနှင့်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသီဟကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးလိုင်းတာဝန်ခံ ဦးကြည်ခိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများမှ ကျောင်းဝင်းအတွင်း အမှိုက်များရှင်းလင်းထားရှိမှု၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသတ်ရေကန်နှင့် မီးချိတ်၊ မီးကတ်များ အသင့်ဆောင်ရွက်ထားရှိမှု၊ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ ကောင်းမွန်ခြင်းရှိ/မရှိတို့အား စစ်ဆေးပြီး လိုအပ်သည်များအား မှာကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)