ပခုက္ကူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူများ ရှင်းလင်းတိကျစွာ နားလည်သိရှိနိုင်ရေး ကွင်းဆင်းအသိပညာပေး ဆွေးနွေး

ပခုက္ကူ မတ် ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းအကြောင်းအရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ရှင်းလင်းတိကျစွာ နားလည်သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်တို့အတွက် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျွဲတဲကျေးရွာအုပ်စု၊ ရွှေချောင်းကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

အသိပညာပေးဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်‌စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထင်လင်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့် အကျိုးခံစားခွင့်များ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ထက်အိခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားနှင့် စစ်မှုထမ်းအချိန်ကာလသတ်မှတ်ချက်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မော်က ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပြုထားသည့် အချက်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က သတင်းတု၊ သတင်းမှားများ ခွဲခြားသိမြင်နားလည်နိုင်ရေးအကြောင်းတို့ကို  အသိပညာပေးရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများ၏မေးမြန်းမှုများအပေါ် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)