ပေါက်ခေါင်း မတ် ၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်၌ အ.ထ.က(ပေါက်ခေါင်း)တွင် စာစစ်ဌာန(၁)ခုဖွင့်လှစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ(၃၀၆)ဦးစာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်းမှ ကျောင်းတွင်းဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ(၂၈၉)ဦးနှင့် ပြင်ပဖြေဆိုသူ(၁၇)ဦး စုစုပေါင်း(၃၀၆)ဦးဖြေဆိုရန် စာရင်းပေးသွင်းထားပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစတင်၍ အ.ထ.က(ပေါက်ခေါင်း)တွင် ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ ဆရာ၊ ဆရာမများထံမှ မိမိတို့ကိုယ်တိုင်သော်လည်းကောင်း၊ အခြား(အ.ထ.က)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာကျောင်းများမှ တာဝန်ခံဆရာ၊ ဆရာမများက လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ် အ.ထ.က(ပေါက်ခေါင်း)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး၊ လုံခြုံစိတ်ချစွာနှင့်မီးဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)