ဘိုကလေးမြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေး

ဘိုကလေး မတ် ၆

၂၀၂၄ ခုနှစ် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ နိုင်ငံအဝန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စာစစ်ဌာနများ မီးဘေးလုံခြုံရေးအတွက် မတ်လ (၅)နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ဘိုကလေးမြို့နယ်၊ အ.ထ.က (၁) စာစစ်ဌာနနှင့် အ.ထ.က (စက်ဆန်း) စာစစ်ဌာနတို့အား မီးဘေးလုံခြုံရေးစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ကြသည်။

စစ်ဆေးရာတွင် စာစစ်ဌာနများ၌ မီးဘေးလုံခြုံရေးအတွက် ကာကွယ်ပြင်ဆင်ထားပုံများ၊  စာစစ်ဌာနများ၌ လျှပ်စစ်မီးသွယ်တန်းသုံးစွဲမှု အခြေအနေများ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး အရန်သင့် ထားရှိ မှုများ၊ မီးသတ်ရေကန်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကြပ်မတ်ပြီး မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် စာစစ်ဌာနများက လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကြံပြုလမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ်တွင် (၂၀၂၄)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၈)ခုရှိပြီး ကျန်ရှိသည့် စာစစ်ဌာနများအား မီးဘေး လုံခြုံရေးအတွက် တာဝန်ရှိသူများက ဆက်လက်စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)