ပခုက္ကူ မတ် ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီးရှိ ကိတ်နှင့်မုန့်မျိုးစုံ အရောင်းဆိုင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများ၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ် (၁) စည်ပင်သာယာ မြို့မဈေးကြီးအတွင်းရှိ ကိတ်နှင့်မုန့်မျိုးစုံအရောင်းဆိုင်များ၌ တိုက်ရိုက်ဝယ်ယူစားသုံးသူများအတွက် ဘေးကင်းလုံခြုံသော ကုန်ပစ္စည်းများ ရောင်းချထားခြင်းရှိမရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချထားမှု ရှိ/မရှိ အခြေအနေတို့ကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြပြီး ကိတ်နှင့်မုန့်မျိုးစုံ အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူရေးရာဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များအညီ ရောင်းချရေး အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)