ကံမမြို့နယ် ကျွန်းကလေးကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

ကံမ မတ် ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျွန်းကလေးကျေးရွာ၌ ယနေ့နံနက် (၉) နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။  

အဆိုပါဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက ပြောကြားရာတွင် မြန်မာနိုင်ငံ၌ (၁၉၅၉) ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမည်ဖြင့် ပြဋ္ဌာန်းကာ အဆိုပါအက်ဥပဒေကို (၁၉၆၂) ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်အာဏာတည်ပြီး၊   (၂၀၁၀) ပြည့်နှစ်၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက (၁၉၅၉) ခုနှစ်၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ရုတ်သိမ်းခဲ့ပြီး (၂၀၁၀)ပြည့်နှစ် နိုဝင်ဘာ(၄)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေသစ်ကို ထပ်မံပြဌာန်းခဲ့ကြောင်းနှင့် (၁၀-၂-၂၀၂၄)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းဆောင်ရွက်ခဲ့‌ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ပြည့်စုံနှင့် ဒုရဲအုပ် အောင်ချစ်ဝင်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ပြည်သူ့စစ်မှုထမ်းရန်ကာလစသည်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိ‌ကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ကိုဖြန့်‌ဝေ‌ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)