မကွေး မတ် ၆
မကွေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အင်အားဖြည့်ရိက္ခာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တပ်နယ်များမှ တပ်နယ်မှူးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်သားများအနေဖြင့် တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများတွင် နေ့/ညမပြတ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ရှေ့ဆုံးက ပါဝင်ကူညီ ဆောင်ရွက်ပေးသကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း အင်ပြည့်အားပြည့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် အမျိုးသားရေးတာဝန်ကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့၏ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသူများလည်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားရာတွင် ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်သောကြောင့် သတင်းတွေမျိုးစုံ အကန့်အသတ်မရှိ ထွက်ပေါ်နေပြီး အချို့သတင်းမီဒီယာများအနေဖြင့် မိမိတို့နိုင်ငံကို အမှောင်ထဲသို့ကျအောင် ချောက်ချလျက်ရှိတာကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် သတင်းတု၊ သတင်းမှားများကို ခွဲခြားသိရှိရှောင်ရှားပြီး သတင်းမှန်များကို ကောင်းမွန်စွာ အသုံးချတက်စေလိုကြောင်းနှင့် သတင်းမှားများကို နားမယောင်မိစေရန် အကြံပြုပြောကြားလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်အားလုံးတွင် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပြီးဖြစ်သကဲ့သို့ လက်ကမ်းသာစောင်များလည်း ဖြန့်ဝေပြီးဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိမိကိုယ်တိုင်သိရှိနားလည်ပြီး အခြားသူများကိုလည်း ထပ်ဆင့်မျှဝေ ရှင်းလင်းအသိပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်းရှိ တပ်နယ်များမှ တပ်မတော်သားများအတွက် အင်အားဖြည့်ရိက္ခာများကို ထောက်ပံ့ပေးအပ်ရာ တပ်နယ်မှူးများနှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယနေ့တွင် တိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော တပ်နယ် (၆)ခုဖြစ်သည့် မကွေးတပ်နယ်၊ တောင်တွင်းကြီးတပ်နယ်၊ စလင်းတပ်နယ်၊ ပဒါန်းတပ်နယ်၊ မလွန်တပ်နယ်၊ သရက်တပ်နယ်တို့အတွက် ဆန်(၁၂)ပြည်အိတ် (၄၈၀)အိတ်၊ ဆီ(၁၈၀)ပိဿာ၊ ဆီချက်ခေါက်ဆွဲ (၄၅၀၀)ထုပ်၊ Royal-D (၁၄၄၀)ဘူး၊ အာလူး(၁၈၀)ပိဿာ တို့အား တပ်မတော်သားများအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)