ပွင့်ဖြူ မတ် ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် ယခု မတ်လဆန်းမှ စတင်၍ နွေစပါးသီးနှံများ စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် ဒေသခံတောင်သူများ နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဖေဖော်ဝါရီလ (၁၆) ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို မြောင်းမုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ စပါးစိုက်လယ်မြေ များကို စိုက်ပျိုးရေ စနစ်တကျ ဖြန့်ဝေပေးထားကြောင်း သိရသည်။
“ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး နွေသီးနှံစိုက်ဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေက နွေသီးနှံလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မတ်လ (၄) ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံများကို စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ နွေစပါး စိုက်ပျိုးခြင်းကိုတော့ ကျဲပက်စနစ်၊ တိုက်ရိုက်အစေ့ချစနစ်၊ ပျိုးထောင်စနစ် စသဖြင့် စိုက်ပျိုးကြပါတယ်။ ဒေသခံ တောင်သူတွေကိုလည်း နွေစပါးသီးနှံစိုက်ပျိုးရာ၌ ပန်းတိုင်အထွက်နှုန်းများ ရရှိစေဖို့အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်။ တောင်သူတွေ အားထားစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဆာဖိုးသာ၊ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပေါ်ဆန်းရင်၊ သီးထပ်ရင်၊ ပခန်းရွှေဝါ၊ ချမ်းမြေ့မေ စတဲ့ စပါးမျိုးတွေကို အဓိက စိုက်ပျိုးကြပါတယ်။ ယနေ့အထိ နွေစပါးစိုက်ပျိုးပြီးစီးမှုက တိုက်ရိုက်အစေ့ချစနစ်နဲ့ (၉၂၅) ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပြီး ပျိုးထောင်စိုက်နည်းစနစ်နဲ့ စိုက်ပျိုးရန် (၅၈၂) ဧကအတွက် ပျိုးထောင်ပြီးစီးပြီဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ နွေစပါးစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေများ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိပြီး တောင်မုန်း မြောင်းမကြီး ဆည်ရေသောက် ဧရိယာအတွင်းရှိ နွေနှမ်းနှင့် အခြားနွေသီးနှံ စိုက်ပျိုးတောင်သူများကိုလည်း မတ်လ(၇) ရက်နေ့တွင် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ ရရှိပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံလျာထားဧက ပြည့်မီရေးအတွက် လယ်ယာသုံးစက်ကိရိယာများ၊ တောင်သူ လုပ်ငန်းသုံး ကျွဲနွားတိရစ္ဆာန်များဖြင့် နွေစပါးသီးနှံများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )