ပွင့်ဖြူ မတ် ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ထောပတ်ပဲသီးနှံ စိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလ တတိယပတ်ခန့်က စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ ထောပတ်ပဲသီးနှံစိုက်ဧက ၂၇၅၀ ဧက ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ကြောင်းနှင့် သီးနှံပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ၍ ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဈေးကွက်ရှိသည့် ထောပတ်ပဲ ၊ ကုလားပဲ ၊ ပဲကြီး ၊ ပဲကြား ၊ စားတော်ပဲ ၊ ပဲလွမ်း ၊ ပဲနောက် ၊ ပဲယင်း ၊ ပဲပုတ် စသည့် ပဲမျိုးစုံ သီးနှံများအပြင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း ၊ နေကြာ ၊ ပန်းနှမ်းတို့ကို စီးပွားဖြစ် အားထားစိုက်ပျိုးကြကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ ထောပတ်ပဲသီးနှံစိုက်ခင်းတွေဟာ ရိတ်သိမ်းခြွေလှေ့ချိန် ရရှိပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေသီးနှံလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ တတိယပတ်လောက်ကစပြီး စတင်ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ ပွင့်ဖြူမြို့နယ်အနေနဲ့ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ထောပတ်ပဲသီးနှံစိုက်ဧက ၇၇၃၂ လျာထားစိုက်ပျိုးခဲ့ရာမှာ မြေပြင်စိုက်ဧက ၇၇၃၅ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုဆိုရင် ဆောလျင်စွာ စိုက်ပျိုးခဲ့တဲ့ ထောပတ်ပဲစိုက်ခင်းတွေဟာ ရိတ်သိမ်းခြွေလှေ့နေရပြီဖြစ်ပါတယ်။ ယနေ့အထိ ရိတ်သိမ်းခြွေလှေ့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲသီးနှံစိုက်ဧက ၂၇၅၀ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ကတော့ တစ်ဧက(ပျမ်းမျှ) ၂၄ ဒသမ ၀၉ တင်းခန့် ထွက်ရှိပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ထောပတ်ပဲသီးနှံ ရိတ်သိမ်းခြွေလှေ့ရာ၌ သီးနှံလေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ရိတ်သိမ်းခြွေလှေ့နည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်။ ထောပတ်ပဲသီးနှံက ဈေးကွက်မှာ အရောင်းအဝယ်ကောင်းမွန်ပြီး ဈေးကောင်းရရှိတာကြောင့် ဒေသခံတောင်သူတွေက ဆောင်းသီးနှံအဖြစ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး နှစ်စဉ် ဆောင်းရာသီကာလတွင် ထောပတ်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာ၌ အချို့တောင်သူများက ထောပတ်ပဲသီးနှံအား သီးသန့်စိုက်ပျိုးခြင်းအပြင် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် အခြားသီးနှံများနှင့်ရောနှော၍ သီးထပ်သီးညှပ် စိုက်ပျိုးကြသူများလည်းရှိကြောင်း သိရသည်။ ယခုနှစ် ဆောင်းရာသီက စိုက်ပျိုးခဲ့သည့် ထောပတ်ပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ယခင်နှစ်ကထက် သီးနှံအထွက်နှုန်းကောင်းမွန်ခဲ့ပြီး ရောင်းချရာတွင်လည်း ဈေးကွက်၌ တစ်တင်းလျှင် ငွေကျပ် ၁၁၅၀၀၀၀ ဈေးဖြင့် ရောင်းချရ၍ ထောပတ်ပဲစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)