ဟားခါး မတ် ၆
သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာနှင့် နွေရာသီသင်တန်းများ ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများက အကျိုးရှိစွာ အသုံးချနိုင် ရေးအတွက် ရည်ရွယ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်တွင်ပါဝင်သော လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီ၏ ရှေ့လုပ်ငန်းစဉ်ဖြစ်သော ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးနှစ်နာမှုမရှိစေရေးအတွက် သန်းခေါင်စာရင်း ကောက်ယူခြင်း ဆိုင်ရာသင်တန်းကိုလည်း နွေရာသီကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်နိုင်ရေးအတွက် စီမံရခြင်းဖြစ်ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာကြသည့် တာဝန်ရှိသူအားလုံးက နွေရာသီသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြား သည်။
ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးတို့က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ဟားခါး တက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသင်တန်းကျောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၊ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စသည့် ပြည်နယ်ဦးစီးမှူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က နွေရာသီကျောင်းပိတ်ရက်အတွင်း ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)