နတ်မောက် မတ် ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် အဘိုး၊ အဘွား ၁၀၇၈ ဦးအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက နတ်မောက်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး ၃၄၉ ဦးနှင့် အဘွား ၇၂၉ ဦး စုစုပေါင်း ၁၀၇၈ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃၂၃၄၀၀၀၀ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လူမှုရေးပင်စင်ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲကို မတ် ၅ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က လူမှုရေးပင်စင်ထောက်ပံ့မှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် တတိယ (၃)လပတ်အတွက် အဘိုး၊ အဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝ နှုန်း ထောက်ပံ့ရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း