မင်းလှမြို့၌ အသက် (၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

အထက်မင်းလှ မတ် ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ညနေ (၄) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်‌ရေးမှူးနှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ) လများအတွက် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၇၂၁) ဦးအတွက်‌ ငွေကျပ်(၂၁၆၃၀၀၀၀/) ကို နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကျန်ရှိ‌နေသည့် ရပ်ကွက်/ကျေးရွာများမှ  ဘိုး၊ဘွားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)