ဘားအံ မတ် ၆
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်ရှိ ထို့ကော်ကိုးဒေသသို့ရောက်ရှိ၍ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဦးစောထော့လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့နှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ လိုက်ပါလျက် ထို့ကော်ကိုး-ကျော်ခိုလမ်း (၁၈/၄)မိုင်အနက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၃/၀)မိုင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုင်တိုင်အမှတ် ၆/၆ နှင့် ၆/၇ ကြားရှိ ၂၀၂၄ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျောက်ခင်းမြေထိန်းနံရံ ၄ဝဝ ပေ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးဦးအောင်ထွဋ်က ထို့ကော်ကိုး-ကျော်ခိုလမ်း ဖြည့်စွက်ဆောင်ရွက်ပြီးစီးသည့် အခြေအနေများကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကော့ကရိတ်မြို့နယ်၊ နဘူး(အ-ထ-က)ကျောင်းသို့ ဝင်ရောက်ကြည့်ရှု့ခဲ့ပြီး ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လျှပ်စစ်မီးအဆင်ပြေစေရန် ဆိုလာနှင့်ဆက်စပ်ပစ္စည်း(၁၅)စုံကို လှူဒါန်းခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အ.ထ.က(နဘူး)ကျောင်းသို့ ထောက်ပံ့ငွေကျပ်သုံးသိန်းကို ထောက်ပံ့ပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာသန်းမှ လက်ခံရယူပြီး တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြမည့် စာသင်ကျောင်းဆောင်များကို လှည့်လည်ကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကော့ကရိတ်မြို့နယ်၊ နဘူးကျေးရွာ၊ တိုက်နယ်ဆေးရုံသို့ ဝင်ရောက်ကြည့်ရှု့ခဲ့ရာ ဆေးရုံသို့ တက်ရောက်ကုသမှုခံယူလျက်ရှိသော လူနာများအတွက် အာဟာရအစားအစာ ကြက်ဥနှင့်ကွေကာအုပ်များကို ထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး အဆိုပါတိုက်နယ်ဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရဖြည့်အစားအစာများနှင့် ထောက်ပံငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၄ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်သောကြောင့် ကရင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အခက်အခဲမရှိ အောင်မြင်စွာဖြေဆိုနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်/ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၌ စာစစ်ဌာန (၁၁)ခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူဦးရေ ၂၃၉၆ ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်လာပြီဖြစ်သောကြောင့် အခက်အခဲမရှိဖြေဆိုနိုင်ရန်နှင့် လုံခြုံရေးများအထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ စာမေးပွဲကာလအတွင်း ဆူညံမှုများနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်မဖြစ်စေရန် လိုအပ်ပါကြောင်း၊ ရပ်ဝေးဒေသမှ လာရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ တည်းခိုနေထိုင်ရေးအတွက် သွားရောက်စစ်ဆေး ကြပ်မတ်ရန် အထူးလိုအပ်ပါကြောင်းနှင့် စာမေးပွဲဖြေဆိုမည့်အချိန်ကာလအတွင်း၌ လျှပ်စစ်မီးပြတ်တောက်မှု မဖြစ်စေရေးနှင့် ကျန်းမာရေးမှာလည်း အလွန်အရေးကြီးပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများလည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ မေးခွန်းနှင့် အဖြေလွှာများကို သယ်ယူပို့ဆောင်ရာတွင် လုံခြုံရေးအပြည့်ဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အခက်အခဲများရှိပါက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ပြည်နယ်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက ကရင်ပြည်နယ်အတွင်းရှိ အခက်အခဲရှိသည့် ရပ်ဝေးဒေသများမှ လာရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန်နှင့် အဖြေလွှာနှင့်မေးခွန်းများ ကြိုတင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)