ကလိန်အောင်ဒေသထွက် သံပုရာသီးများ ယခင်နှစ်ကထက် ဈေးကောင်းရ

ကလိန်အောင် မတ် 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ သံပုရာသီးသည် စားသောက်ကုန်အသီးအနှံများတွင် စားသုံးသူများ သုံးစွဲစားသောက်မှုများသည့် အသီးအနှံများတွင် ပါဝင်လျက်ရှိပြီး ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ရာသီဥတုနှင့်သဘာဝရေမြေအနေအထားအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့အတွင်း၌ သံပုရာပင် စိုက်ပျိုးဧကပေါင်းများစွာရှိပြီး နှစ်စဉ်မိုးရာသီနှင့် နွေရာသီတွင် သံပုရာသီးများစွာ ထွက်ရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံပုရာပင်မှသံပုရာသီးများမှာ မိုးရာသီတွင် များစွာသီးသော်လည်း ဈေးနှုန်းမှာ တစ်လုံးလျှင် ငွေကျပ်(၁၅)ကျပ်မှ (၂၀)ကျပ်သာ ရရှိပြီး နွေရာသီတွင် ဈေးနှုန်းပိုမိုရရှိ လျက်ရှိပြီး ယမန်နှစ်က သံပုရာသီးဈေးနှုန်းမှာ အကြီးတစ်လုံးကို(၈၅)ကျပ်သာ ရရှိပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိပြီး သံပုရာသီးအကြီးတစ်လုံးလျှင် ငွေကျပ်(၁၅၀)ကျပ်၊ အငယ်တစ်လုံးလျှင် (၉၅)ကျပ်အထိရရှိပြီး ကလိန်အောင်မြို့ သံပုရာပင်စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် ဝင်ငွေများပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့အတွင်း၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် သံပုရာပင်စိုက်ပျိုးဧကပေါင်းများစွာရှိပြီး အဆိုပါသံပုရာသီးများကို ထားဝယ်မြို့၊ ‌ရေးမြို့၊ မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့ရှိ သံပုရားအဝယ်ဒိုင်ကြီးများကို တင်ပို့ရောင်းချလျက်ရှိပြီး ကလိန်အောင်မြို့အတွင်းရှိ အဝယ်ဒိုင်များတွင်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)