မကွေး မတ် ၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား (အခမဲ့) ကွင်းဆင်းဆေးကုသမှုနှင့် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ရုပ်ပြစိုက်ကွင်း၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများနှင့် တွေဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအတွင်း တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ တောင်တွင်းကြီးမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသူ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားကာ၊ အခမဲ့ ဆေးကုသမှုဆောင်ရွက်ပေးခဲ့သော တိုင်းပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှဦးစီး၍ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူများလိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ဒေသခံပြည်သူများ စိုက်ထုတ်ကုန်ကျရသော ကျန်းမာရေးကုသမှုစရိတ်များ လျော့နည်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုပါရဂူဆရာဝန်ကြီးများက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူ (၆၂၄) ဦးအား သက်ဆိုင်ရာရောဂါများအလိုက် အခမဲ့ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိပြီး၊ စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ တာဝန်ရှိသူများ ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက စီမံကိန်းလုပ်ငန်းများ လည်ပတ်နေမှုအခြေအနေများနှင့် တောင်သူများအား စိုက်ပျိုးရေဖြန့်ဝေပေးနေမှု အခြေအနေများကိုလည်းကောင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးအံ့ဘုန်းမောင်မောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်း လူမှုရေးတာဝန်သိမှု(CSR) လူမှုရေးကဏ္ဍခေါင်းစဉ်အောက် ဘဏ္ဍာငွေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညံတောအင်းကျေးရွာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ ဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး နွေ၊ မိုး၊ ဆောင်းရာသီမပြတ် မြေပဲ၊ နှမ်း၊ နေကြာသီးနှံနှင့် ပန်းနှမ်းတို့ကို အားထားစိုက်ပျိုးကြဖို့၊ ရေသောက်ဧရိယာရှိ စိုက်ပျိုးလယ်မြေများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိတဲ့အတွက် ဒေသခံတောင်သူများအနေနဲ့ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်နှင့် ရေကိုချွေတာ သုံးစွဲနိုင်ရန်အတွက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးရန် လိုအပ်ကြောင်း၊ သီးနှံစိုက်ပျိုးရာမှာလည်း ဒေသတွင်းလိုအပ်သော မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်း၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဝန်ထမ်းတွေက စိုက်ရေးပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အစဉ်အမြဲ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မိမိကျေးရွာမှ ပညာတတ်များ ပေါ်ထွန်းရေးအတွက် ပညာရေးကဏ္ဍကို နိုင်ငံတော်မှ မြှင့်တင် ဆောင်ရွက်ပေးနေသလို ဒေသခံရပ်မိရပ်ဖများ အနေဖြင့်လည်း သက်ဆိုင်ရာ ပညာရေးဌာနနှင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်မှသာ မိမိကျေးရွာမှ ထူးချွန်ထက်မြတ်သော ပညာတတ်များ ပေါ်ထွန်းလာကာ ရပ်ရွာတိုးတက်လာမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားကာ၊ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာရှိ မြစ်ရေတင်စီမံကိန်း သရုပ်ပြစိုက်ကွင်းတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးပျိုးပင် စိုက်ပျိုးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ