ဂန့်ဂေါ မတ် ၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင် ဦးဆောင်သည့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးရမ်ဇလှဲမှုန်းနှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးနှင့်ဝန်ထမ်းများ၊ မြို့မဈေးကော်မတီဥက္ကဌ ဦးအေးတင့်နှင့် ဈေးကော်မတီဝင်များပူးပေါင်း၍ မြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းများနှင့် စားသောက်ဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းပမာဏနှင့် ထားရှိသည့် မီးသတ်ဆေးဘူးပမာဏ ကိုက်ညီမှု ရှိ/မရှိ၊ မီးလောင်စေနိုင်သည့် ကုန်ပစ္စည်းများ မြောက်များစွာ သိုလှောင်ထားခြင်း ရှိ/မရှိ၊ ဈေးအတွင်း မီးသတ်ယာဉ် ဝင်/ထွက်သွားလာနိုင်မှုအခြေအနေများ၊ မီးသတ်ဆေးဘူးအသုံးပြုရမည့် နည်းလမ်းများ၊ လုံခြုံရေးမီးနှင့်အပြင်ဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ ညွှန်ကြားချက်နှင့်အညီ ခံနိုင်ဝန်အားပမာဏကို သုံးစွဲထားမှုရှိ/မရှိ၊ ဆိုလာမီးအသုံးပြုသည့် ဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကို စစ်ဆေးကာ ဈေးအတွင်းရှိ ရေဂါလံ (၄၆၀၀)ဆံ့ အမြင့်တင် ရေစင် (၂)စင်၊ ရေဂါလံ(၁၆၀၀)(၁၀၀၀)(၅၀၀)ဆံ့ ရေကန် (၃)ခုနှင့် မီးသတ်ရေငုတ် (၆)ခုတို့မှ ရေပက်ဖျန်းနိုင်မှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဂန့်ဂေါမြို့၊ မြို့မဈေးတွင် ဈေးဆိုင်ခန်းပေါင်း (၂၈၈)ခန်းရှိပြီး မီးဘေးအန္တရာယ်မကျရောက်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့မဈကော်မတီ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့များနှင့် ဈေးဆိုင်ခန်းပိုင်ရှင် ဈေးသူ/ဈေးသားများမှ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)