ဇီးကုန်း မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်တောင်သူများအား ထောက်ပံ့ငွေများ ထုတ်ချေးပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီက တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
အခမ်းအနားတွင် ဇီးကုန်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နွေစပါး ပိုမိုစိုက်ပျိုး၍ အထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ်၍ စိုက်နည်းစနစ် မှန်ကန်စေရေး၊ ချေးငွေဆိုင်ရာကိစ္စရပ်များ၊ စည်းကမ်းချက်များနှင့် ထွက်ကုန်တိုးတက်ကောင်းမွန်စေရေး၊ အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းပြောကြာပြီး ၂၀၂၄ ခုနှစ် နွေစပါးစိုက်တောင်သူများအား မတည်ထောက်ပံ့ချေးငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ထုတ်ပေးခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်း၊ တစ်လလျှင် အတိုးနှုန်း ၀ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် တောင်သူ (၁၀၉)ဦး၊ ဧက(၅၀၀)အတွက် ကျပ်သိန်း(၁၀၀၀)ကို ထုတ်ချေးခြင်းဖြစ်ကြောင်း မြိုနယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)