လက်ပံတန်း၌ အခြေခံ ရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်

လက်ပံတန်း မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်ဥမ္မာဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဆွေက ကျောင်းသား၊ ကျောင်းသူကလေးများအား နွေရာသီကျောင်းပိတ်ရက်တွင် လူမှုရေးလုပ်ငန်းများနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ကျောင်းသား လူငယ်များ မိမိကိုယ်မိမိ ယုံကြည်စိတ်ချစွာ ဆုံးဖြတ်၍ လူမှုရေးနှင့် ပရဟိတလုပ်ငန်းများ ကျောင်း ကြက်ခြေနီ ရှေးဦးပြုစုခြင်း သင်တန်းကို ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၅)ဦး တက်ရောက်ပြီး စာတွေ့/လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ရာ မတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)