နတ်မောက်မြို့နယ် ပ/ကျားထူးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

နတ်မောက် မတ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (၁၁)ကြိမ်မြောက် ထုတ်ချေးခြင်းကို ယမန်နေ့က ပ/ကျားထူးကျေးရွာ ဦးဘုန်းကြီးကျောင်း၌ ပြုလုပ်သည်။                             

ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်ထွဋ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြာပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက်  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ပ/ကျားထူးကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၀ ဦးအတွက် ငွေကျပ် ၄၁.၉၅ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၉၂ ဦးအတွက် ငွေကျပ် ၂၆.၄ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၃ ဦး အတွက် ငွေကျပ် ၀.၉ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။  

နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း ၄၁ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှ သိရသည်။

လှဝင်း