သရက်ချောင်းမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ် လူမှုရေးပင်စင်ထောက်ပံ့‌ကြေးငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

သရက်ချောင်း မတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ငွေထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြို့နယ်အတွင်း သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက ရပ်ကွက်/ကျေးရွာစာရေးများနှင့် အုပ်ချုပ်ရေးမှူးများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးနှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေး‌ပြောကြားခဲ့ပြီးနောက် အဘိုးအဘွား(၃၈၈)ဦးအတွက် ထောက်ပံ့ငွေ (၁၁၆၄၀၀၀၀)ကျပ်အား ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက လက်ခံရယူခဲ့ပြီးနောက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ကြေးငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။

လူမှုရေးပင်စင်ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၃)အုပ်စုမှ အကျိုးခံစားခွင့်ရရှိသည့် အဘိုး(၁၃၂)ဦး၊ အဘွား(၂၅၆)ဦး စုစုပေါင်း( ၃၈၈)ဦးအား တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ကျပ်(၃)သောင်းအား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)