နတ်မောက်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်လျက်ရှိ

နတ်မောက် မတ် ၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလျက်ရှိရာ ကွန်ပျူတာကို ခေတ်နှင့်အညီ လူသားတိုင်း တွင်ကျယ်စွာ အသုံးပြုခြင်းကြောင့် လုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်လာပြီး၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ကြောင်း၊ ကွန်ပျူတာအခြေခံကို သင်ယူတတ်မြောက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန် အခမဲ့ကွန်ပျူတာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခမဲ့ကွန်ပျူတာသင်တန်းကို သင်တန်းသား/သူ စုစုပေါင်း (၁၈)ဦး တက်ရောက်သင်ကြားကြပြီး သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး  ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာအခြေခံ ဘာသာရပ်များကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နံနက် (၁၀)နာရီမှ (၁၁)နာရီအထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း