ဒေးဒရဲ မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များရှိ ဘာသာရေး အဆောက်အဦများသို့ တာဝန်ရှိသူများ ကွင်းဆင်းကာ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက် တောကျောင်းတိုက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ ပူးပေါင်း၍ တောင်းကျောင်းတိုက်ရှိ ဒေးဒရဲ နိကယ်ဗုဒ္ဓကောလိပ် ကျောင်းစာကြည့်တိုက်၊ စာသင်ခန်း မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန် ထားရှိမှု၊ မီးချိတ်၊ မီးကပ်ထားရှိမှု ၊ ဆွမ်းချက်ပြုတ်သည့် နေရာနှင့် လျှပ်စစ်သွယ်တန်း သုံးစွဲမှု အခြေအနေများအား စစ်ဆေးကြည်ရှုခဲ့ကြပြီး မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် လိုအပ်မှုများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား တင်ပြလျှောက်ထားခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးလုံခြုံရေး တစ်အိမ်တက်/ဆင်း ကွင်းဆင်းစစ်ဆေးခြင်း၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပညာပေး ဆော်သြခြင်း၊ စုပေါင်းဇာတ်တိုက် လေ့ကျင့်ခြင်းများကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)