ဘိုကလေး မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စုရှိ မလော့ အ.ထ.က(ခွဲ) ကျောင်းဝန်းအတွင်းတွင် ယမန်နေ့နံနက် (၁၁)နာရီခွဲ အချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မီးလောင်ကျွမ်းမှုသည် မလော့ အ.ထ.က(ခွဲ) ကျောင်းဝန်းအတွင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းခိုင်(ဘ) ဦးမြင့်လှိုင်၏ နေအိမ်မှ မီးဖိုမီးကြွင်းမီးကျန်ကြောင့် အခင်းပျဉ်သို့ စတင်မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းခိုင်၏ (၁၅)ပေပတ်လည် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း နေအိမ်နှင့် ၎င်းအိမ်နှင့် ကပ်လျက်ရှိ (၁၅×၂၀) ပေ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း အသုံးမပြုတော့သည့် အဆောက်အအုံဟောင်း(၁)လုံး၊ စုစုပေါင်း အဆောက်အအုံ(၂)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုအား ကျောင်းပတ်ဝန်းကျင်မှ ပြည်သူများ၊ ကျေးရွာရှိအရန် မီးသတ်တပ်ဖွဲ့ဝင်များမှ စတင်ငြှိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းမှု သတင်းအရ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၁၁)နာရီ (၄၀)မိနစ်၌ မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် လူနှင့် တိရိစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းခိုင်အား ဘိုကလေးမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)