စလင်း မတ် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၉၂)ဦး ဖြေဆိုရန်အတွက် ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
စလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို စာစစ်ဌာန (၅)ခုဖြစ်သည့် စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ တညောင်အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ တပ်တွင်းအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနနှင့် လင်းဇင်းအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတို့တွင် ဘုန်းတော်ကြီးသင်ကျောင်း၊ ကိုယ်ပိုင်ပုဂ္ဂလိကအထက်တန်းကျောင်း၊ အခြေခံပညာကျောင်းများနှင့် အပြင်ဖြေကျောင်းသား/ ကျောင်းသူ (၇၉၂)ဦး ဝင်ရောက်ဖြေဆိုရန် ဖြေခွင့်လျှောက်လွှာများ တင်သွင်းထားပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ကျောင်းသား၊ကျောင်းသူများက ဖြေဆိုမည့်စာစစ်ဌာနကျောင်းများတွင် ထုတ်ယူကြပြီး အပြင်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(မောင်လွင်)စလင်း