မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် ညံ​တောအင်း ဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၊ ရုပ်ပြစိုက်ကွင်းတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး

ဆင်ပေါင်ဝဲ မတ် ၅

မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ဆောင်ရွက်လျက်ရှိသော ညံ​တောအင်းကျေးရွာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး သရုပ်ပြစိုက်ကွင်းတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညံတောအင်းဆိုလာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက စီမံကိန်းလုပ်ငန်းများ လည်ပတ်နေမှု အခြေအနေများနှင့် တောင်သူများအား စိုက်ပျိုးရေဖြန့်ဝေပေးနေမှု အခြေအနေများကိုလည်းကောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးအံ့ဘုန်းမောင်မောင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်း လူမှုရေးတာဝန်သိမှု (CSR) လူမှုရေးကဏ္ဍခေါင်းစဉ်အောက် ဘဏ္ဍာငွေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး လိုအပ်သည်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိမိတို့ ဒေသအတွင်း သီးနှံများ စိုက်ပျိုးရာတွင် တစ်နှစ်ကို သီးနှံသုံးသီး စိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်းလိုအပ်သော မျိုးကောင်းမျိုးသန့်များကို စနစ်တကျရွေးချယ်သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်းနှင့် ဒေသခံတောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာရှိ မြစ်ရေတင်စီမံကိန်းဖြင့် သရုပ်ပြစိုက်ကွင်းတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးပျိုးပင် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)