ဖြူး မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်၍ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပရေး လုပ်ငန်းကော်မတီများသည် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုသွားနိုင်ရေးအတွက် စာစစ်ဌာနအလိုက် လုံခြုံရေး၊ ကျန်းမာရေးနှင့်စိစစ်ထောက်ပံ့ရေးများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော ရပ်ဝေး ဖြေဆိုသူများအတွက် ခရီးစရိတ်နှင့် စားစရိတ်ထောက်ပံ့ငွေ (၃၆၆၀၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက ပေးအပ်ရာ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်မင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင်၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို (၁၁-၃-၂၀၂၄) ရက်နေ့မှ (၁၉-၃-၂၀၂၄) ရက်နေ့အထိ စာစစ်ဌာန(၃)ခုဖြစ်သော အ.ထ.က(၁) ဖြူးစာစစ်ဌာန၊ အ.ထ.က(၂) ဖြူးစာစစ်ဌာန၊ အ.ထ.က(၂) ဇေယျဝတီစာစစ်ဌာနတို့တွင် ကျောင်းသား/ကျောင်းသူ (၇၆၇)ဦး ဖြေဆိုသွားကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)