သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းသားစာပေစာအုပ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

သဲကုန်း မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းသားစာပေစာအုပ်များဖြင့် အသိပညာပေးပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက  ​ကျောင်းသားကျောင်းသူများအတွက် အသိပညာဗဟုသုတများတိုးပွားပြီး စာပေနှင့်ရင်းနှီးမှုများရှိလာစေရေး၊ တိုင်းရင်းသားစာပေစာအုပ်စာစောင်များဖြင့် အသိဉာဏ်ပညာများပိုမိုဖွံ့ဖြိုးလာနိုင်ရေး၊ ပြည်သူ့စာကြည့်တိုက်သည် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်အပန်းဖြေရာနေရာနှင့် အသိပညာဗဟုသုတများပေးနေသည့် နေရာတစ်ခုဖြစ်လာနိုင်ရေးအတွက်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲအားကျင်းပရခြင်းဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ အ.ထ.က သဲကုန်း၊ အ.မ.က ပေါက်တော၊ အ.မ.က တပ်ကျောင်း၊ အ.မ.က တည်သီး​ပြင်ကျောင်းတို့မှ   ကျောင်းသားကျောင်းသူများက(ယူနီဆက်)မှ လှူဒါန်းထားသည့် တိုင်းရင်းသားစာပေစာအုပ်များနှင့် မိမိတို့ကြိုက်နှစ်သက်ရာအသိပညာပေးပုံပြင်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက်တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုနှင့် ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ကိုကျော် (ပြန်/ဆက်)