ပေါက်ခေါင်း မတ် ၄
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့်ကျေးလက်ဆေးခန်းဆေးထိုးစုရပ် အသီးသီးတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးမထိုးနှံခင် ကျန်းမာရေးဆရာမ ဒေါ်ခင်မာဝင်းက အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးနှံပေးသည့် ဆေးအမျိုးအစားများ၊ ကလေးနို့တိုက်မိခင်များ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ် ကာကွယ်ဆေး) ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ) ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးပေးခဲ့ကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်းများကို လစဉ်လဆန်းရက်များမှစ၍ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယမန်နေ့က ပြည်သူ့ဆေးရုံကြီး၌ မြို့ပေါ်ရပ်ကွက်(၅)ခုမှ ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများကို ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)