မြို့သစ်မြို့နယ်၊ ချောက်ကြားကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မြို့သစ် မတ် ၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မတ်လ ၂ ရက်နေ့နံနက်ပိုင်းက ချောက် ကြားကျေးရွာအုပ်စု၊ ချောက်ကြားကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ  ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သီဟအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးသိန်းလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊   မြို့သစ်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဇော်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်းနှင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်း အကြောင်းအရင်းများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊  ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များစသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြား၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများပါဝင်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။         

ဝင်းအိဇွန်(ပြန်/ဆက်)