နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံဧက၂၉၀၀၀၀ ကျော် စိုက်ပျိုးသွားမည်

နတ်မောက် မတ် ၄

နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ် စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံဧက ၂၉၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်သည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအဓိကစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ တစ်နိုင်ငံလုံးဆီဖူလုံမှုရရှိပြီး ပြည်ပမှ ဆီတင်သွင်းမှုလျှော့ချနိုင်ရန်အတွက် သက်ဆိုင်ကဏ္ဍအသီးသီးမှ ဆောင်ရွက်လျက်ရှိရာ နတ်မောက်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရန် ယခုနှစ်စိုက်ပျိုးရာသီတွင် မြေပဲ ၄၈၆၆၇ ဧကစိုက်ပျိုးပြီး ၃၁၉၆၉၂၄ တင်းထွက်ရှိနိုင်ရေး၊ နှမ်း ၁၉၉၆၀၆ ဧကစိုက်ပျိုးပြီး ၃၂၁၁၀၂၉ တင်းထွက်ရှိနိုင်ရေးနှင့် နေကြာ ၄၃၉၉၅ ဧက စိုက်ပျိုးပြီး ၅၉၁၂၄၄ တင်းထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

"ဆီထွက်သီးနှံ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေးအတွက် ပန်းတိုင်အထွက်နှုန်းတိုးတက်ကောင်းမွန်တဲ့ ဧရိယာတွေက ကျေးရွာအုပ်စုတွေ၊ တောင်သူတွေကို ရွေးချယ်ပြီး ကျွန်မတို့ဌာနအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မျိုးမြှင့်တင်ရေးလုပ်ငန်းတွေ၊ မျိုးသန့်စင်ပြီး ဗီဇပြန်လည်မြှင့်တင်ခြင်းလုပ်ငန်းတွေ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝမြေသြဇာအသုံးပြုပုံနဲ့ သဘာဝမြေသြဇာပြုလုပ်ပုံ နည်းစနစ်များကို တောင်သူများထံ စိုက်ပျိုးရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ တောင်သူများအနေနဲ့လည်း သဘာဝမြေသြဇာထည့်သွင်းခြင်းနဲ့ မြေယာပြုပြင်ခြင်းနည်းလမ်း​တွေ၊ ရေရရှိရေးနည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး ဆီထွက်သီးနှံအထွက်နှုန်းတိုးတက်စေရေးမှာ ရာသီဥတုနဲ့လည်း အများကြီးသက်ဆိုင်တဲ့အတွက် ရာသီဥတုပူပြင်းတဲ့အချိန်မှာ ဖြည့်စွက်ရေသုံးနိုင်အောင်၊ ဆိုလာစနစ်တွေအသုံးပြုပြီး ရေသွင်းရေဖြန်းနိုင်အောင်နဲ့ အဓိကကတော့ ရေရရှိနိုင်မယ့်နေရာများမှာ ဖြည့်စွက်ရေပေးနိုင်အောင် စီမံဆောင်ရွက်ထားသင့်ပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။
ယမန်နှစ်စိုက်ပျိုးရာသီတွင် နတ်မောက်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံဧကပေါင်း ၂၇၇၈၉၃ ဧက စိုက်ပျိုးခဲ့ကာ ၅၂၅၈၅၄ တင်း ထွက်ရှိခဲ့ကြောင်းနှင့် မြို့နယ်၏လူဦးရေအချိုးအရ ဆီဖူလုံမှုရာခိုင်နှုန်းမှာ ၄၅၄ ရာခိုင်နှုန်းရှိပြီး  စားသုံးဆီ ဖူလုံပိုလျှံသောမြို့နယ်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သိမ့်သိမ့်မိုး