စလင်း မတ် ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စလောင်းကုန်းကျေးရွာအုပ်စု၊ စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာ ခန်းမဆောင်အတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက(၉)နာရီ ၃၀ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ရပ်မိရပ်ဖ ဦးစိန်လင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်း မြို့နယ်ဒုဥပဒေအရာရှိ ဦးသက်လင်းဦးတို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ပြည်သူများစစ်မှုထမ်းရန် ကာလ၊ ပြည်သူများစစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း စစ်မှုထမ်းရမည့်အရွယ်အပိုင်းအခြားများ၊ ဘာကြောင့်စစ်မှုထမ်းဥပဒေကို ကျင့်သုံးရခြင်းအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှရှောင်လွှဲပါက. ကျခံရမည့်ပြစ်ဒဏ်များ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလို ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကောလာဟလသတင်းများ ပျံ့နှံလာမှုအပေါ် ယုံကြည်မှုမရှိကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးရှင်းလင်းခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် စလောင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးဆယ်အိမ်မှူးများနှင့် စလောင်းကုန်းကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)