ဆင်ပေါင်ဝဲ မေ ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေသီးနှံလျာထားချက်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုတင်ပြင်ဆင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန်အတွက် နွေစပါးစိုက်ဧက ၁၀၀ လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသခံတောင်သူများက နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရန် သတ်မှတ်လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးသွားနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများကို မြေဆီလွှာကောင်းမွန်စေရန် မြေဩဇာထည့်သွင်း၍ ထည်ရေးညက်အောင် ထွန်ယက်ခြင်း၊ မြက်နှင့် အမှိုက်များ ရှင်းလင်းခြင်း စသည့် လုပ်ငန်းများကို ကြိုးစားလုပ်ကိုင်နေကြကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံတောင်သူများ နွေစပါးစိုက်ပျိုးရာမှာ တစ်ဧကပန်းတိုင်အထွက်နှုန်းများ ရရှိစေဖို့စိုက်ပျိုးရေးနည်းပညာများနဲ့ စိုက်ပျိုးရေးသွင်းအားစုပစ္စည်း စနစ်တကျသုံးစွဲနည်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ အထွက်နှုန်းကောင်းသော ဆာဖိုးသာစပါးမျိုးစေ့များကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)