ပွင့်ဖြူ မတ် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ငွေများကို ယမန်နေ့က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ပြီး အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားဦးရေ စုစုပေါင်း ၈၅၈ ဦးရှိကြောင်းသိရကာ နိုင်ငံတော်အစိုးရမှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် လူမှုရေးပင်စင်ငွေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်ငွေထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး ပွင့်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်နှင့် စံပြကျေးရွာရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့သွားရောက်၍ အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ငွေကျပ်သုံးသောင်းနှုန်းစီကို အိမ်တိုင်ရာရောက် စနစ်တကျထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြောသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)