မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးပညာရေးမှူးရုံး ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား စာမေးပွဲလုပ်ငန်းတာဝန်ဆိုင်ရာများ မှာကြား

မကွေး မတ် ၄

မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား စာမေးပွဲလုပ်ငန်း တာဝန်ဆိုင်ရာများ မှာကြားဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တိုင်းပညာရေးမှူးရုံးမှ အရာထမ်းများ၊ ခရိုင်၊ မြို့နယ်များမှ ပညာရေးမှူးများနှင့် ကြီးကြပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မကွေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၄၄)ခု၊ အတွင်းဖြေ၊ အပြင်ဖြေစာဖြေသူစုစုပေါင်း(၉၈၁၂)ဦးရှိပြီး စာစစ်ဌာနများကို တာဝန်ယူ ကြီးကြပ်ဦးဆောင်ရမည့် ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအတွက် စာစစ်ဌာနလုံခြုံရေး၊ မေးခွန်းလုံခြုံရေး၊ တာဝန်ထမ်းဆောင်ကြသူများနှင့် စာဖြေသူများလုံခြုံရေး၊ မသမာမှုကင်းရှင်းစွာဖြင့် စာမေးပွဲစည်းကမ်းချက်များနှင့်အညီ အောင်အောင်မြင်မြင် ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မကြာမီကျင်းပတော့မည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အရေးကြီးတဲ့ အောက်ပါအချက်များကို မှာကြားလိုပါတယ်၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်ကြမဲ့ အရာရှိများအနေဖြင့် စာစစ်ဌာနတစ်ခုလုံးအတွက် စာမေးပွဲမကျင်းပမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ စာမေးပွဲကျင်းပနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စာမေးပွဲကျင်းပပြီးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သိရှိလိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပြီး ကိုယ်တိုင်သိရှိလိုက်နာကြဖို့ အထူးမှာကြားလိုပါကြောင်း၊ စာစစ်ဌာနများလုံခြုံရေးနှင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မေးခွန်းလုံခြုံရေးတို့အတွက် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ရေးဆွဲထုတ်ပြန်ထားသည့်စီမံချက်များ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ရေးဆွဲထားသည့် စီမံချက်များနှင့်အညီ ဆောင်ရွက်မှာဖြစ်ပြီး ကြီးကြပ်ရေးမှူးများအနေဖြင့် သိရှိပူးပေါင်းဆောင်ရွက်ကြဖို့ မှာလိုကြောင်း၊ စာစစ်ဌာနများမှ ဖြေဆိုပြီး အဖြေလွှာများကို ယာယီထိန်းသိမ်းထားစဉ်နှင့် မကွေးတက္ကသိုလ်သို့ ပြန်လည်ပို့ဆောင်စဉ်တို့မှာ မသမာမှုကင်းရှင်းစွာနဲ့ မလိုလားအပ်သည့်ပြဿနာများ မပေါ်ပေါက်စေရန် စာမေးပွဲစည်းကမ်း လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ထုတ်ပိုးသယ်ဆောင်ထိန်းသိမ်းကြဖို့လည်း မှာကြားလိုကြောင်း၊ (၁၁-၃-၂၀၂၄)မှ (၁၉-၃-၂၀၂၄)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် နေ့စဉ်ဖြေဆိုရသည့် ဘာသာရပ်အလိုက် ရှိ၊ ဖြေ၊ ပျက်စာရင်းများကို ကျား၊ မဦးရေ မှားယွင်းမှုမရှိအောင် တိကျမှန်ကန်မြန်ဆန်မှုရှိအောင်၊ အချိန်နှင့်တပြေးညီ ပေးပို့နိုင်အောင် လက်ထောက်ကြီးကြပ်ရေးမှူးများ၊ ရုံးအဖွဲ့များပူးပေါင်း၍ အလေးထား ဆောင်ရွက်ပေးကြဖို့လည်း မှာကြားလိုကြောင်း၊ ကြီးကြပ်ရေးမှူးတစ်ဦးအနေဖြင့် ကြိုတင်ပြင်ဆင်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်အောင် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းလက်စွဲပါ ညွှန်ကြားချက်များကို လေ့လာမှတ်သားလိုက်နာဖို့နဲ့ အေးချမ်းအောင်မြင်လုံခြုံမှုရှိစွာ စာမေးပွဲကျင်းပနိုင်ရေးအတွက် သက်ဆိုင်သူများကို ဆွေးနွေးညှိနှိုင်းစည်းရုံးဆောင်ရွက်ကြဖို့ အထူးမှာကြားလိုကြောင်း၊ ထူးခြားဖြစ်စဉ် ပေါ်ပေါက်ပါကလည်း အထက်ရုံးအဆင့်ဆင့်သို့ အချိန်နှင့်တပြေးညီ ဖုန်းသတင်းနှင့် အစီရင်ခံစာများအမှန်ဆုံးနှင့် အမြန်ဆုံးပေးပို့ကြဖို့ မှာကြားလိုကြောင်း၊ စာမေးပွဲလုပ်ငန်းတာဝန်သည် ပညာရေးဌာန၏ အရေးကြီးသောလုပ်ငန်းစဉ်တစ်ရပ်၊ တာဝန်တစ်ရပ်ဖြစ်သလို ဒေသတစ်ခုအတွက်လည်းအရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုတာဝန်ကို ဆောင်ရွက်ကြသူအားလုံးသည် မိမိထမ်းဆောင်ရသည့် တာဝန်များ၏ ကြီးလေးမှုကို တိတိကျကျသိရှိလိုက်နာဆောင်ရွက်ပြီး ဌာနဆိုင်ရာစည်းကမ်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်းလမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့်အညီ အလေးထားဆောင်ရွက်ပေးကြဖို့၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ချောမောစွာ ကျင်းပစစ်ဆေးနိုင်ရေးအတွက် ပညာရေးဝန်ထမ်းအားလုံး ဟန်ချက်ညီညီနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားကြရန်နဲ့ မိမိဒေသအလိုက် လုံခြုံရေးအခြေအနေအရ လိုအပ်သော ရဲ၊ တပ်အင်အားများ တောင်းခံပေါင်းစပ်၍ ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကြီးကြပ် တာဝန်ယူကြမည့်  ကြီးကြပ်ရေးမှူးများအတွက် ယခုလို ဆွေးနွေးပွဲကျင်းပပေးနိုင်ခြင်းဖြင့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်သော လုပ်ငန်းများအပေါ် ထိထိရောက်ရောက် ပြင်ဆင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်သော နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲကြီး၏ စာစစ်ဌာနလုံခြုံမှု၊ မေးခွန်းလုံခြုံမှုနှင့် မသမာမှုများ ကင်းရှင်းမှုများဖြင့် အောင်အောင်မြင်မြင် ကျင်းပပြုလုပ်သွားနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက စာမေးပွဲတာဝန်ထမ်းဆောင်မှု၊ မေးခွန်းလုံခြုံရေးအရေးကြီးမှုနှင့် အဖြေလွှာဆိုင်ရာ လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးမှာကြားကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂန့်ဂေါ၊ ပေါက်၊ မြိုင်နှင့် ရေစကြိုစာစစ်ဌာနများတွင် တာဝန်ထမ်းဆောင်မည့် ကြီးကြပ်ရေးမှူးများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒေါက်တာသိန်းဇံ၊ ဒုတိယညွှန်ကြားရေးမှူးက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒေါ်စုစုအောင်၊ လက်ထောက်ညွှန်ကြားရေးမှူးက စာမေးပွဲမကျင်းပမီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စာမေးပွဲကျင်းပနေစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များထဲမှ အဓိကအချက်များကို ဖတ်ကြားဆွေးနွေးခြင်း၊ မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒေါ်နွဲ့နွဲ့ရီ၊ လက်ထောက်ညွှန်ကြားရေးမှူးက စာမေးပွဲကျင်းပပြီးဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များထဲမှ အဓိကအချက်များကို ဖတ်ကြားဆွေးနွေးခြင်းနှင့် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက မကွေးတိုင်းဒေသကြီး၏ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများကို စာမေးပွဲလုပ်ငန်းတာဝန်ဆိုင်ရာများ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မောင်ညီညာ