အင်းတော် နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်တိတ်နည်းပညာပေး စင်တာနယ်မြေ အတွင်းရှိ မင်းကုန်းကျေးရွာ တောင်သူ ဦးဖုန်းဝယ်၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုး ထားရှိသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ကွက်အား ယမန် နေ့ က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း (၁၁၇) တင်းခန့် ခန့်မှန်း ထွက်ရှိမှာဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် နည်းပညာပေး စင်တာအလိုက် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်များကို စိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့ အမျိုးအစားများ အနေဖြင့် ဆင်းဧကရီ-၃၊ ဧရာမင်း၊ မှော်ဘီ မျိုးစပါးများအား မြို့နယ် အတွင်းတွင် ဧက (၅၅၀) စိုက်ပျိုး ထားရှိပါကြောင်း၊ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်များအတွင်း မိုးစပါး မျိုးကောင်း မျိုးသန့်များရရှိ နိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရောဂါ၊ ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့ အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
ထို့အပြင် မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ကြေးများကိုလည်း ထုတ်ပေး ထားရှိပြီးဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် မိမိတို့၏ မိုးစပါးစိုက်ကွက်များအတွင်း နည်းပညာအကူအညီများ ရယူလိုပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများ ရယူနိုင်ပါကြောင်း၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က မဲဇာနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးဝင်းမောင်၏ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း (၁၄၀) တင်းခန့် ခန့်မှန်း ထွက်ရှိ ခဲ့ကြောင်း၊ ဒေသအတွင်းရှိ တောင်သူများအနေဖြင့် လာမည့် မိုးစပါးစိုက်ရာသီအတွင်း ဒေသထွက် မိုးစပါးမျိုးကောင်း မျိုးသန့်များကို အလွယ်တကူ ဝယ်ယူရရှိနိုင်တော့မည် ဖြစ်ကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးသိန်းခိုင်ထံမှ သိရှိရသည်။