စလင်း မတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပေါက်ရင်းကုန်းကျေးရွာအုပ်စု ရွာလယ်ဓမ္မာရုံအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီ ၃၀ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရပ်မိရပ်ဖ ဦးစိန်လင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလင်း မြို့နယ်ဒုဥပဒေအရာရှိ ဦးသက်လင်းဦးတို့မှ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ ဥပဒေဆိုင်ရာအကြောင်းအရာများ စစ်မှုထမ်းရမည့် အသက်အရွယ်အမျိုးသား အသက်(၁၈)နှစ်မှ (၃၅)နှစ်၊ အမျိုးသမီး အသက် (၁၈)နှစ်မှ (၂၇)နှစ်၊ ကျွမ်းကျင်အမျိုးသား အသက်(၁၈)နှစ်မှ (၄၅)နှစ်၊ ကျွမ်းကျင် အမျိုးသမီးအသက် (၁၈)နှစ်မှ (၃၅)နှစ်ဖြစ်ပြီး ကျွမ်းကျင်ဆိုသည်မှာ ဆရာဝန် အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ၊ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူများကို ဆိုလိုသည်။ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက. ကျခံရမည့်ပြစ်ဒဏ်များ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလို ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဥ်း၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကောလာဟလသတင်းများ ပျံနှံလာမှုအပေါ် ယုံကြည်မှုမရှိ ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်း မှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေး ရှင်းလင်းခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေငှခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ပေါက်ရင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် စာစီကျောင်း ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း