ပွင့်ဖြူ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွား အလာ ကန့်သတ်ထားရှိသူ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် နိုဝင်ဘာ ၃ ရက် ၊ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ဓာတ်ခွဲစစ်ဆေး အတည်ပြုချက်အရ ကိုဗစ်ပိုးတွေ့ရှိ (တွေ့ရှိ)ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ်ပိုး တွေ့ရှိသော အမျိုးသမီးသည် ပွင့်ဖြူမြို့နယ် ကနီကျေးရွာအုပ်စု၊ ကနီကျေးရွာနေသူဖြစ်ပြီး အောက်တိုဘာ(၂၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဉက္ကလာပမြို့နယ်မှ မိမိအစီအစဉ်ဖြင့် ကားငှား၍ ပြန်လာခဲ့ပြီး ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ကြောင်း ၊ နိုဝင်ဘာ(၁)ရက်နေ့က မြို့နယ်အတွင်း Facility Quarantine Centre များရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရသူ (၁၅)ဦး အား Swab နမူနာရယူ၍ ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲမှုဌာန(NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ၎င်းအမျိုးသမီးတည်း ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိ (တွေ့ရှိ)ခဲ့ရပြီး ကျန်ရှိသည့် အသွားအလာကန့်သတ်စောင့်ကြည့်ရသူ(၁၄)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ)ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးစိုးနိုင် ထံက သိရသည်။
အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူ အမျိုးသမီးအား ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းမှ ပရဟိတ အဖွဲ့ဝင်များက စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre မှ ပွင့်ဖြူမြို့ (အ.ထ.က)ကျောင်းတွင် စီစဉ်ထားရှိသော ယာယီသီးခြားလူနာကုသဆောင်သို့ ပို့ဆောင်ပေးခဲ့ကြပြီး ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သောကျန်းမာရေး ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )